ရခိုင်ဆိုသည်မှာ... အမျိုးသီလနှစ်ဌါနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်သည်၊ ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့် အန္တတ္တသညားခေါ်အပ်ရာတည်း။ ။ (သျှင်နာဂိန္ဒမော်ကွန်း) ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊ ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊ မြတ်စာဂနန့်၊ နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။ (ဗုဒ္ဓဝင်အလင်္ကာ)

Wednesday, October 15, 2014

ရခိုင်အစ ရက္ခသျှက

ရခိုင်အစ ရက္ခသျှက
==============
ရခိုင်ဟု အမည်ခံယူမည့် လူမျိုးစုတို့သည် ရခိုင်ပြည်ဟု ခေါ်တွင်လာမည့် ဤရခိုင်ဒေသသို့ ရှေးနှစ်ရာစုများစွာက ဝင်ရောက်လာခဲ့ကြသောအခါ ကျောက်ခေတ်အကြွင်းအကျန် သားစိမ်းငါးစိမ်းစားသည့် လူရိုင်းတစ်မျိုး ဤဒေသတွင်ရှိနေသည်ကို တွေ့ရလေသည်။ထိုလူရိုင်းများနှင့်လည်း တိုက်ခိုက်ခဲ့ရသည်။ထိုခေတ်ကာလအချိန်၌ အဆိုပါ လူရိုင်းများကို ဤဒေသတစ်ခုတည်း၌သာ ထူးထူးခြားခြား တွေ့ရသည်မဟုတ်ပါ။ ကမ္ဘာတစ်ဝှမ်းတွင် နေရာများစွာ၌ ရှိနေကြသည်သာ ဖြစ်ပါသည်။
၎င်းကို အချို့သောသမိုင်းစာအုပ်များ၌ `ဘီလူး´ဟု ဖော်ပြကြလေသည်။ဘုရား ပုထိုးများ၌လည်း ဘီးလူးများကို တိုက်ခိုက်နှိမ်နှင်းပုံဖြင့် ရာဇဝင်ကို ထားခဲ့ကြတော့ `ဘီးလူး´ဟု ဖော်ပြကြသည်မှာလည်း အမှားဟုမဆိုသာ။


ထိုလူရိုင်းတို့ကို ပြောင်းရွှေ့ဝင်ရောက်လာသူများက ``ရက္ခသျှ(Rakshasas)´´ဟု ခေါ်ပါသတဲ့။အဆိုပါ ရက္ခသျှ(ခ)လူရိုင်းတို့ကို ပြောင်းရွှေ့ဝင်ရောက်လာသူများက အောင်မြင်စွာနှိမ်နှင်းပြီးနောက် ရက္ခသျှ(ခ)လူရိုင်းတို့၏ ``ဇာတိအမျိုးကို စောင့်ရှောက်တတ်သည့်´´ ဓလေ့စရိုက်ကို ဂုဏ်ပြုကြိုက်နှစ်သက်သည့်အနေဖြင့် သူတို့ကိုယ်တိုင် ရက္ခသျှအဖြစ် ပြန်လည်တစ်ဖန် ခံယူခဲ့ကြသည်။၎င်းမှ `ရက္ခိုက်´ `ရက္ခိုင်´ `ရခိုင်´ဟု အဆင့်ဆင့်ပြောင်းရွှေ့ တွင်လာခဲ့သည်။
ဤအဖြစ်ကို ရာဇဝင်လင်္ကာ၌လည်း စပ်ဆိုဖော်ပြထားသည်။ပြောင်းရွှေ့လာသူများသည် မူရင်းဒေသခံ ရက္ခသျှ(ခ)လူရိုင်းတို့ကို တိုက်ခိုက်အနှိင်ယူ နယ်မြေသိမ်းနှိင်ခဲ့သော်လည်း လူမျိုးတုန်း သတ်ဖြတ်ခဲ့ခြင်းမျိုး မဟုတ်ပါ။လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟုလည်း မည်သည့်သမိုင်းစာပေ၊ ကျောက်စာ၊ လင်္ကာ၊ များတွင်မှလည်း မဖတ်ဖူး မတွေ့ဖူးပါ။လူမျိုးမတုန်းခဲ့ခြင်းကြောင့် နောင်ကာလများတွင်လည်း ရခိုင်ဘုရင်များနှင့် လူရိုင်းတို့ တိုက်ခိုက်ထိတွေ့မှုကို သမိုင်းစာအုပ်များတွင် ဖတ်နေခဲ့ရသည်။
ထို့ပြင် ပြောင်းရွှေ့လာသူများ ကိုယ်တိုင်ပင် ရက္ခသျှဟု ပြန်လည်ခံယူသည်မှာ နှစ်ကာလတိုအတွင်း၌ လွယ်လင့်တကူ ခံယူခဲ့ခြင်း ဟုတ်မည်မထင်ပါ။နှစ်ကာလရှည်တစ်ခုအတွင်း၌ ပြောင်းရွှေ့လာသူများနှင့် မူရင်းဒေသခံ ရက္ခသျှတို့သည် လင်ယူသားမွေး သွေးရောယှက်မှုများ များစွာ…များစွာ ဖြစ်ပေါ်ခဲ့ကြမည်ဖြစ်သည်။စစ်အောင်သည်နှင့် ဖြတ်ကနဲ ရက္ခသျှဟု ခံယူခြင်းဖြစ်မည်မဟုတ်ပါ။ နှစ်ပေါင်းများစွာကြာ တစ်ချို့ရက္ခသျှတို့နှင့်လည်း တိုက်ခိုက်ရ၊ တစ်ချို့ရက္ခသျှတို့နှင့်လည်း သင့်တင့်ကာ အတူနေ အိမ်ထောင်ပြုကြဖြင့် နှစ်ပေါင်းရာချီကြာမှ ``ပြောင်းရွှေ့လာသူများနှင့် ဒေသခံရက္ခသျှများ´´ ရောစပ်ထားသည့် သွေးမျိုးဆက်များက `ရက္ခသျှ´ဟု ပြန်လည်တစ်ဖန် ခံယူလာကြခြင်း ဖြစ်ပါမည်။
ထို့ကြောင့် ``ရခိုင်အစ ရက္ခသျှက´´ဟု ဤပိုစ့်ကို ခေါင်းစဉ်တပ်ရခြင်း ဖြစ်ပါသည်။ဤသည်မှာပင် ``ပြောင်းရွှေ့လာသူများ´´ဟု ကျွန်တော်သုံးနှုန်းထားသည့် ဝေါဟာရခံ လူမျိုးတို့ကို ပြန်လည်တစ်ဖန် စီစစ်ရပါမည်။
……………………………………………………………………………………
ရခိုင်ကို အခြားနှိင်ငံသားတွေက ဘယ်လိုခေါ်သလဲ
=====================================
ရခိုင်တို့သည် ပင်ကိုယ်အားဖြင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူများဖြစ်သဖြင့် ဗုဒ္ဓစာပေလွှမ်းမိုးသော `ရက္ခိုင်´အမည်ကို `ရခိုင်´ထက် ပို၍နှစ်သက်ကြသည်။
ရှေးခေတ်ရခိုင်ပြည်ကို ပါဠိလို `ရက္ခပူရ´ဟုလည်း ခေါ်တွင်သည်။
အနန္တစန္ဒြရကျောက်စာ၏ မြောက်ဖက်မျက်နှာတွင် ရခိုင်ပြည်ကို ``အရက္ခာဒေ့ခ်ျ(Arakadesa)´´ဟု ခေါ်ဆိုကြောင်း ရေးထိုးထားသည်။
အိန္ဒိယတိုင်းရင်းသားတို့က ရခိုင်ပြည်ကို `အာရကန်´ဟု ခေါ်ဆိုကြရာ အိန္ဒိယကို အရင်ရောက်သည့် အနောက်နှိင်ငံသားများကလည်း `အာရကန်(Arakan)´ဟု အလိုက်သင့် ခေါ်ဆိုမှတ်တမ်းတင်ကြသည်။
ဘင်္ဂလီကုလားတို့က မော့ဂ်(Magh)ဟု ခေါ်သည်။အကြောင်းမှာ ရှေးဦးရခိုင်တို့သည် အိန္ဒိယအရှေ့မြောက်ရှိ မာဂဓတိုင်းပြည်မှ ဝင်ရောက်လာကြသူများဖြစ်ကြ၍ `မာဂေ´ `မော့ဂ်´ဟူ၍ ခေါ်ခြင်းဖြစ်သည်။
…………………………………………………………………………………
ပြောင်းရွှေ့လာသူများ(သို့)ရခိုင်ရှေးဦးလူ
============================
ထိုခေတ်အချိန်က အာရှတိုက်၏ အဓိကလူမျိုးစုကြီးမှာ ``အာရီယန်နှင့်မွန်ဂိုလွိုက်´´ တို့ဖြစ်သည်။အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့် လူမျိုးစုကြီးနှစ်ခုဖြစ်သဖြင့် သွေးရောနှောမှု ရှိကြမည်မှာ ဓမ္မတာသာဖြစ်၏။
၎င်းတွင် `အာရီယန်´လူမျိုးတို့သည် အိန္ဒိယပြည်မြောက်ပိုင်းသို့ ဘီစီ၃၀၀၀(သို့) ၎င်းထက်စောသည့်အချိန်ကပင် ဝင်ရောက်ခဲ့ကြသည်။ထို့ပြင် ဂင်္ဂါမြစ်ဝှမ်းဒေသ ဘင်္ဂလားနယ်ထိပင် ပျံနှံ့နေထိုင်သည်။((ရခိုင်ကို မောဂ့်ဟု ခေါ်သည့် ဘင်္ဂလီက ဘင်္ဂလားနယ်တွင် သီးသန့်တည်ရှိသည်))
မွန်ဂိုလွိုက်က အာရိယန်ဝင်ရောက်ပြီး နောက်မှ ဟိမဝန္တာတောင်တန်း၏ တောင်ဖက်ဒေသ၊ ကမ္မရူပဒေသ၊ အာသံနယ်၊ မာဂဓတိုင်း၊ ဂင်္ဂါမြစ်ဝှမ်းဒေသ၊ ဘင်္ဂလားနယ်ဒေသများသို့ မွန်ဂိုကုန်းမြင့်ဒေသမှ ဝင်ရောက်ခဲ့ကြသည်။
ထိုကဲ့သို့ရှိနေပြီးသော အာရီယန်နှင့် မွန်ဂိုလွိုက်တို့သည် ရခိုင်ပြည်သို့ သွေးချင်းနှောပြီးမှ ဝင်ရောက်လာသည်၊ (သို့) ရခိုင်ပြည်ကိုရောက်မှ သွေးနှောသည်၊ ဆိုသည့်အချက်မှာမူ တိတိကျကျ ယူဆရန် ခဲယဉ်းသည်။သို့သော် မဝင်ခင်ရောရော၊ ဝင်ပြီးမှရောရော၊ ရောတော့…ရောခဲ့ကြတာပါဘဲ။
ထို့ကြောင့် ``ပြောင်းရွှေ့လာသူများသည်´´ အာရီယန်နှင့်မွန်ဂိုလွိုက်တို့ဟု မှတ်ရပါမည်။ဤလူမျိုးနှစ်စုနှင့် မူရင်းဒေသခံ ရက္ခသျှ(ခ)လူရိုင်းတို့ `သုံးမျိုးစပ်´ ပေါင်းဆုံ၍ `ရက္ခသျှ´ `ရက္ခိုက်´ `ရက္ခိုင်´ `ရခိုင်´ ဖြစ်တည်လာသည်ဟု မှတ်ရပါမည်။
…………………………………………………………………………………
အာရီယန်နှင့် မွန်ဂိုလွိုက်
==================
ယဉ်ကျေးမှုအရကြည့်ပါက ထိုစဉ်က အာရီယန်၏ ယဉ်ကျေးမှုသည် မွန်ဂိုလွိုက်များထက် သာလွန်ပါသည်။ထို့ကြောင့် အာရီယန်၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ လွှမ်းမိုးမှုမှာ မွန်ဂိုလွိုက်တို့ထံရှိသည်။ဤအကျိုးဆက်အဖြစ် ရှေးဟောင်းရခိုင့် ယဉ်ကျေးမှုများတွင်လည်း အာရီယန်တို့ ဦးစီးဦးဆောင်ပြုသည့် သက္ကဋယဉ်ကျေးမှုနှင့် ဟိန္ဒူယဉ်ကျေးမှုများ စိမ့်ဝင်ပျံ့နှံ့နေသည်ကို တွေ့ရသည်။
အလွန်ရှေးကျသော ရခိုင်သက္ကဋကျောက်စာများကို ရခိုင်ပြည်တွင် တွေ့ရှိရသဖြင့် ရခိုင်တို့၏ ရှေးခေတ်ယဉ်ကျေးမှုကို အာရီယံတို့၏ ယဉ်ကျေးမှုကသာ မွန်ဂိုလွိုက်တို့ထက် လွှမ်းမိုးခဲ့သည်ကို တွေ့ရပါမည်။
ရခိုင်သို့ အစပထမပိုင်း၌သာ အာရီယံတို့သည် မွန်ဂိုလွိုက်တို့ကဲ့သို့ ကျူးကျော်ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းကာလများတွင်မူ အာရီယန်ထက် စစ်မက်ခုံမင်သော မွန်ဂိုလွိုက်များကသာ ကျူးကျော်ရောက်ရှိလာခဲ့သည်။
ထို့အချိန်တွင် ရခိုင်သမိုင်းသည် အစပျိုးနေပြီ ဖြစ်ပါသည်။ရှင်ဘုရင်မင်းများဖြင့် နန်းတည်နေပြီ ဖြစ်ပါသည်။ထို့ကြောင့် ရခိုင်မင်းသမီးဧချင်း အပိုဒ်(၁၄)နှင့် ရခိုင်သမိုင်းများတွင် (ပဲဖြူမင်းခေတ်) အေဒီ၇၇၆၌ မြောက်ဖက်မှ မွန်ဂိုလီယံများ တိုက်ခိုက်၍ ပျက်စီးသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
…………………………………………………………………………………
အင်ဒိုမွန်ဂိုလွိုက်
=============
(1)`မောရစ်ကောလစ်´
(2)ပြင်သစ်နှိင်ငံ ဆိုဘွန်းတက္ကသိုလ်မှ မနုဿဗေဒပညာရှင် `ဘာနော့တ်´
(3)အရှေ့တောင်အာရှ သမိုင်းပညာရှင် `ဒီဂျီအီးဟောလ်´ တို့က
ယခုရခိုင်တို့သည် အင်ဒိုမွန်ဂိုလွိုက်များ ဖြစ်ကြသည်ဟု ပြောဆိုသည်။သူတို့က မွန်ဂိုလီယံများ၏ တိုက်ခိုက်မှု၊ တောင်တန်းဒေသပေါ်ရှိ ရခိုင်မျိုးနွယ်စုများ၏ ရုပ်ဆင်းသွင်ပြင်၊ ပြောဆိုသည့် ဘာသာစကားများကို အခြေခံသုံးသပ်၍ ဆုံးဖြတ်သည်။
သွေးရောကြမှုနှင့်ပက်သက်၍ မနုဿဗေဒပညာရှင်`ဘာနော့တ်´က ရခိုင်စာရေးဆရာ `ထွန်းရွှေခိုင်(စစ်တွေကောလိပ်)´ကို ဤသို့ဥပမာပေးသည်။
``ရခိုင်လူမျိုးတို့ဟာ `အင်ဒိုမွန်ဂိုလွိုက်သွေး´ ဖြစ်တယ်။ဒါပေမဲ့ သွေးရောမှုဟာ တစ်ဦးနဲ့တစ်ဦး မတူနှိင်ပါ။ဒါကို မနုဿဗေဒနည်းဖြင့် မြင်ရုံနဲ့ ခွဲခြားသိရှိနှိင်ပါတယ်။ဥပမာအနေနဲ့ ခင်ဗျားနှင့် ဦးစံသာအောင်(ရခိုင်သမိုင်းဆရာကြီး) တို့မှာ `အာရီယန်သွေး´ပါရှိမှု မတူဘူး။ဦးစံသာအောင်ရဲ့ အရပ်အမောင်း၊ မျက်နှာသွင်ပြင်က ခင်ဗျားထက် အာရီယံသွေးပါရှိမှု ပိုများနေတယ်´´ဟု ပြောဆိုပါသတဲ့။
ထို့ပြင် တောင်တန်းဒေသရှိ ရခိုင်အပါအဝင် မြို သက် ခမွီးတို့ဟာ ယခုရခိုင်မြို့ပေါ်နေ ရခိုင်တွေထက် `မွန်ဂိုလွိုက်´ဖက်ကို ပိုနွယ်တယ်။ဤလူတွေဟာ နောက်ဆုံးမှ ဝင်ရောက်လာတဲ့၊ ကုလားတန်မြစ်ညာပိုင်း (မြောက်ဖက်)မှ ဝင်လာတဲ့ မွန်ဂိုလွိုက်တွေ ဖြစ်နှိင်ကာ၊ အရင်ရောက်နှင့်ပြီးသူ ရခိုင်များနှင့်တိုး၍ အနောက်မြောက်ဖက်ရှိ စစ်တကောင်းတောင်တန်းဒေသသို့ ရွှေ့သွားခဲ့ဟန်ရှိကာ၊ တောင်ပေါ်နေလူများဖြစ်၍လည်း သွေးရောနှောမှုမှာ မြေပြန့်နေလူများထက် ပိုကင်းဟန်ရှိကြောင်း ပြောဖြစ်ကြပါသတဲ့။
…………………………………………………………………………………
ဘာသာစကား
===========
``ရှေးဟောင်းရခိုင်´´ (Ancient Arakan) စာအုပ်ဖြင့် ပါရဂူဘွဲ့ယူခဲ့သူ `ပင်မလာဂတ်မင်´က ယဉ်ကျေးမှုနှင့် ဘာသာစကားအရ ရခိုင်တို့သည် မြန်မာ(ဗမာ)များနှင့် ပိုမိုနီးနီးစပ်စပ် ဆက်နွယ်မှုရှိကြောင်း၊ ရခိုင်တို့သည် မြန်မာ(ဗမာ)များအဖို့ ရှေးကျသော ဝေါဟာရ၊ ပေါရဏစကားများကို မပျောက်ပျက်ရအောင် ထိန်းသိမ်းထားသူများဖြစ်သည်မှာ သိသာထင်ရှားလှပါသည်။အထူးသဖြင့် `ရ´(R)နှင့် `ယ´(Y)သံတို့ကို တွေ့ရသည်ဟူ၍ သူ၏စာတန်းတွင် ဖော်ပြခဲ့လေသည်။
အရှေ့တောင်အာရှ သမိုင်းပညာရှင် ဒီဂျီအီးဟောလ်ကတော့ ရခိုင်တို့သည် သွင်ပြင်လက္ခဏာအားဖြင့် အင်ဒီယန်သွေး နှောထားမှုကို ပိုမိုတွေ့မြင်ရသော်လည်း ဇာတိအားဖြင့် မြန်မာများသာဖြစ်သည်။သူတို့၏ ဘာသာစကားမှာ အလွန်ရှေးကျသော မြန်မာ(ဗမာ) စကားတစ်မျိုးဖြစ်သည်ဟု ကောက်ချချထားလေသည်။
ဤနည်းဖြင့် ရခိုင်တို့သည် ရှေးဦးရခိုင်တို့ဖြစ်ကြသည့် `အာရီယန်´များထံမှ အဆင့်အတန်းမြင့်သော ယဉ်ကျေးမှုအတတ်ပညာ။`မွန်ဂိုလွိုက်´များထံမှ ရဲစွမ်းသတ္တိနှင့် တိုက်ရည်ခိုက်ရည်။ရက္ခသျှတို့ထံမှ ဇာတိအမျိုးကို စောင့်ရှောက်တတ်စိတ်များကို ပေါင်းစည်းရရှိခဲ့ဟန် ရှိပေသည်။
အထက်ပါစာများကို ထွန်းရွှေခိုင်(စစ်တွေကောလိပ်) ရေးသားသည့် `ရခိုင်ရှေးဟောင်းမြို့တော်များ´ စာအုပ်မှ ကူးယူဖော်ပြသည်။မူရင်းစာရေးသူမှာလည်း သူ၏စာများကို ရခိုင်/ဗမာ စာအုပ်ပေါင်းများစွာမှ ထုတ်နှုတ်တိုက်ဆိုင် စီစစ်ပြီးမှ ရေးသားတင်ပြခဲ့ခြင်း ဖြစ်ပါသည်။
ဤပိုစ့်သည်………
(1)ရခိုင်ဆိုတာ ဘယ်ကဆင်းသက်လာသလဲ။
(2)ရခိုင်ဆိုတာ လူမျိုးအမည်မဟုတ်။ဒေသိယအမည်သာဖြစ်။
(3)အာရိယန်ဆိုတာ ကုလား
စသည်တို့အတွက် ဖြေရှင်းချက်တစ်ခု ဖြစ်ပါသည်။အသေးစိတ် သိရှိလိုက ဖော်ပြပါစာအုပ်ကို ဝယ်ဖတ်လိုက်ပါလေ။

 http://mynameisrakhaing.blogspot.com/

No comments:

အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ် အဆင်မပြေတာများရှိရင် ပြောခဲပါ မိတ်ဆွေ ကျေးဇူးတင်ပါတယ်